လွန်ခဲ့တဲ့
ရက်အနည်းက ကုမ္ဗဏီကြီး တစ်ခုက ကျွန်တော့်ကိုခေါ်ပြီး နာရီတော်တော်ကြာ ဆွေးနွေးခဲ့ပါတယ်။
အကြောင်းကတော့ social media marketing department ကို စတင်ပုံဖော်ဦးဆောင်ပေးဖို့ပါ။
မြန်မာနိုင်ငံ အတွက်တော့ နည်းနည်းစိမ်းနေပေမဲ့ ကုမ္ဗဏီ အနေနဲ့တော့ အတော်ကို ရှေ့ပြေး
စဉ်းစား နိုင်မှုလို့ ဆိုရမှာပါ။ ကျွန်တော့်အနေနဲ့ ဦးဆောင်နိုင်တယ်မှန်ပေမဲ့
recruiting မှာတော့ အတော် ဒုက္ခရောက်မှာကို ချက်ချင်း တွေးမိပါတယ်။ ကျွန်တော်တို့ဆီမှာလည်း
social media ကို သုံးသူသက်သက်တွေသာများပြီး အသုံးချ သူက နည်းနေ သေးသလို ၊ အသုံးချနည်းကို
မသိသေးတာ လို့လည်း ပြောလို့ရပါတယ်။
ဒီလိုနဲ့
ဆွေးနွေးမှုအပြီး အပြန်လမ်းမှာ social media တွေကပြောင်းလဲပေးလိုက်တဲ့ ကိစ္စ အမျိုးမျိုးကို
တွေးလာ ခဲ့ပါတယ်။ စီးပွားရေး ၊ လူမှုရေး ၂ ခုလုံးကိုပေါ့ဗျာ။ စီးပွားရေးမှာ လူတိုင်းနဲ့
မဆိုင်ပေမဲ့ လူမှုရေးမှာတော့ လူတိုင်းပဲ ပြောင်းလဲမှုမှာ ပါဝင်နေပြီးပါပြီ။ ဘယ်နေရာ
ပြောင်းလဲသွားလဲ အလွယ်ဆုံး ကြည့်ချင်ရင်တော့ စားသောက်ဆိုင်တွေမှာသာကြည့်ပါ။
၁၀ နှစ်လို့
မဆိုပါနဲ့ ၅ နှစ်လောက် အချိန်တုန်းက စားသောက်ဆိုင်က ထမင်းဝိုင်းက မိသားစုတွေ ၊
သူငယ်ချင်း မိတ်ဆွေတွေ နွေးနွေးထွေးထွေး ရယ်မော ပြောဆို နေတာတွေ တွေ့ရာကနေ အခုဆိုရင်တော့
ဖုန်းနဲ့ မျက်နှာအပ်ထားတဲ့သူတွေကိုပဲ တွေ့ရများမှာပါ။ တစ်ရက် ကျွန်တော် အလုပ်က အပြန်
ဗိုက်ဆာဆာ ရှိတာနဲ့ ဆိုင်မှာ ထမင်းဝင်စားတော့ ငွေကြေးချမ်းသာပုံ ရတဲ့ မိသားစု တစ်စုရဲ့
စားပွဲဝိုင်းမှာ အဖေရယ် ၊ အမေရယ် ၊ သားရယ် ၃ ယောက် စကားတော့ ပြောနေကြတယ် ၊ ဒါပေမဲ့
မျက်စိတွေကတော့ ကိုယ်ပိုင် ဖုန်း ကိုယ်စီမှာပဲ ရှိနေကြတာမျိုးပါ။ စိတ်တော့မကောင်းစရာပါ၊
သိပ္ဗံဆိုတိုင်း မကောင်းဘူးလို့ အဖွား ခဏခဏ ပြောဖူးတာကိုလည်း သွားသတိရမိပါတယ်။ ဒီပုံအတိုင်းဆိုရင်
နောက် ၅ နှစ်လောက်ဆိုရင် လူတွေ Facebook ပေါ်မှာပဲ Hi လုပ်ကြ၊ အားပေးကြ လူချင်းတွေ့ရင်
ဘယ်က စပြောရမှန်းမသိ ဖြစ်လာမဲ့ပုံပါပဲ။ ဒါကတော့ လူမှုရေးပါ။
စီးပွားရေးဖက်မှာတော့
ကောင်းတယ် ၊ ဆိုးတယ် မဆိုသာပေမဲ့ လုပ်ငန်းရှင်တွေ အနေနဲ့တော့ ပြောင်းလဲမှုကို အမှီလိုက်နိုင်ရင်
ပိုပြီးအောင်မြင်နိုင်တာတော့ အမှန်ပါ။ Facebook ဆိုတာ ငါနဲ့ မဆိုင်ဘူးလို့ ပြောလို့
မရတော့တဲ့ အချိန်လို့ပြောလို့ ရပါတယ်။ ကျွန်တော် အထက်မှာ ရေးခဲ့သလိုပဲ social
media ကို အသုံးပြု သူတွေများပြီး အသုံးချနိုင်သူက ပြည်တွင်းမှာ နည်းနေပါသေးတယ်။
social media ရဲ့ ကောင်းကျိုး ကတော့ အလုပ်လုပ်ရတာ လွယ်ကူလာတယ်။ အောင်မြင်ဖို့လည်း
မြန်သလို ၊ ကျရှုံးဖို့လည်း မြန်ပါတယ်။ ကိုယ့်ရဲ့ reputation ကောင်းရင် ကောင်းသလို
တမဟုတ်ချင်း နာမည် ရလာနိုင်သလို ၊ အမှားလုပ်မိပြီ ဆိုရင်လည်း ထိန်းမနိုင် ၊ သိမ်းမရတဲ့
social media တွေမှာ ရှင်းဖို့သာ ပြင်ဆင်ထားရတော့မှာပါ။
ကောင်းတယ်
ဆိုတဲ့ နေရာမှာ လုပ်ငန်းငယ်တွေ အနေနဲ့ အကုန်အကျ မများပဲ လူတိုင်းသိအောင် လုပ်နိုင်တာမျိုးပါ။
ပစ္စည်းအဆန်းအပြားလေးနဲ့ ဈေးရောင်းတယ် ဆိုပါစို့ဗျာ။ လွန်ခဲ့တဲ့ ၅ နှစ်လောက်ကသာ ဆိုရင်
ဖွင့်ပြီးထိုင်နေရတာမျိုးပါ။ အခုကတော့ social media တွေရဲ့ အကူအညီနဲ့ လူတိုင်း သိလာ
နိုင်ပါပြီ။ စီးပွားရေးရဲ့ trend ကတောင်မှ အရင်က website တစ်ခု မရှိမဖြစ်လိုအပ်ရာကနေ
အခု ဆိုရင် website ရှိပြီး social media နဲ့သာ ဆွဲဆောင်နိုင်မှု မရှိဘူး ဆိုရင်
အဲဒီ website ကို ဘယ်သူမှ လာမကြည့်တော့တဲ့ trend ကို ပြောင်းလဲ သွားပါပြီ။ ဒဗလျူ
ဒဗလျူ ဒေါ့ ဘာညာ ဆိုတာမျိုး က ကျန်ခဲ့ပါပြီ ၊ လက်မပုံလေးနဲ့ နာမည်လေးတွဲထား မှ လူစိတ်ဝင်စားမှုကို
ပိုရမှာပါ။ အထူးသဖြင့် မြန်မာနိုင်ငံ လို့ ပြောလို့ ရပါတယ်။
ဘယ်လိုကြောင့်ဆိုတာကတော့
လူတိုင်းကွန်ပျူတာ အသုံးမပြုနိုင်တဲ့ အချိန်ကနေ ၊ လူတိုင်းနီးပါး မိုဘိုင်း သုံးလာနိုင်တဲ့
ကွာဟမှုကြီးတဲ့ ပြောင်းလဲမှုကြောင့်လို့ ကျွန်တော်တစ်ကိုယ်ရေ အမြင်နဲ့ သုံးသပ် မိပါတယ်။
ကွန်ပျူတာဆိုတာ မလိုတော့ပဲ မိုဘိုင်းနဲ့ သွားရင်း လာရင်း အချိန်ကစလို့ မိုဘိုင်းဖုန်းနဲ့
မျက်နှာ အပ်ထား လာပြီ ဖြစ်တဲ့ ကျွန်တော်တို့ မြန်မာ နိုင်ငံမှာလည်း စီးပွားရေး ကဏ္ဍ
တစ်ခုအတွက် ဒီ social media ကြီးကို ပစ်ခါထားမယ် ဆိုရင်တော့ နောက်ကျ မကျန်ရင်တောင်
အများထက်သာဖို့ အခွင့်အရေး တစ်ခုတော့ ဆုံးရှုံးလို့ နေပါပြီ။
ပြောင်းလဲမှုတွေနဲ့အတူ
အောင်မြင်မှုတစ်ခုအတွက် social media ဆိုတာကို အသုံးချနိုင်တယ် ဆိုတာလေးကို စေတနာ
အရင်းခံနဲ့ အသိပေးလိုက်ပါတယ်ဗျာ။
(နည်းပညာဗဟုသုတရရှိစေရန်
တူလေး-နည်းပညာသတင်းများမှ ပြန်လည်မျှဝေသည်။)
အစိမ်းရောင်မင်းသား(ဆော့ဝဲမြို့တော်)
0 comments:
Post a Comment