တနေ့က
ရွှေတိဂုံဘုရားရောက်သွားတယ်။ မိတ်ဆွေတစ်ယောက်က ဗေဒင်ကြည့်ပေးတာ။ ကျန်းမာရေးအတွက်
ယတြာလေးလုပ်ပေးရမယ်ဆိုလို့ သိပ်လည်းအပမ်းမကြီးတာနဲ့ သွားပြီးလုပ်လိုက် တာပါ။
ဒါနလေးတစ်ခုပဲပေါ့။
တနင်္ဂနွေဒေါင့်မှာ
အုန်းသီးခြောက်စိပ်ကို ဂြိုဟ်စာကျွေးတယ်။ စာကလေးတစ်ကောင်လွှတ်တယ်။
ယတြာထဲမှာမပါပေမယ့် ဘုရားရောက်လက်စနဲ့မို့ ကိုယ့်မွေးနံသောကြာဒေါင့်မှာ
ဘုရားရေသပ္ပါယ်တယ်။ ပြီးတော့ မြောက်ဘက်မုခ်တန်ဆောင်းမှာ ခဏထိုင်နားတယ်။
နားနေရင်းနဲ့ ပြီးခဲ့တဲ့လတုန်းက City Guide အတွက် ဘုရားတွေကို သွားခဲ့ရတာ
သတိရမိတယ်။ ကိုယ်မရောက်ဘူးတဲ့ ဘုရားတွေရောက်ဖူး သွားတယ်။ မရောက်တာကြာပြီဖြစ်တဲ့
ဘုရားတွေလည်း ရောက်ဖြစ်သွားတယ်။ တချို့ဘုရားတွေဆိုရင် သမိုင်းကြောင်းတွေကို ကြားဖူးနား၀ပဲရှိတာ။ အခုတော့ တိတိပပသိလာရတယ်။
တချို့ဘုရားတွေဆိုရင် ဘယ်လိုတည်ခဲ့တယ်ဆိုတာ လုံး၀ကို မသိခဲ့တာ။
ဘုရားတွေသွားတဲ့အခါကျတော့ ဘတ်စ်ကားနဲ့ပဲ ဟိုကူးလိုက် ဒီကူးလိုက်နဲ့
နေကလည်းပြင်းတော့ နည်းနည်းပင်ပန်းတာကလွဲရင် ဘုရားတွေဖူးခဲ့ရတာ က အမြတ်ပါ။
ဘုရားရှစ်ဆူသွားခဲ့ရတယ်။ ဒီရွှေတိဂုံဘုရားကြီးကိုလည်း တစ်ရက်တော့ သွားမယ်လို့
စိတ်ကူးထားတာပါ။ ဒါပေမယ့် ဘုရားတွေမသွားဖို့ နားခိုင်းလိုက်တာနဲ့ နားလိုက်ရတယ်။
တကယ်တော့
လေးဆူဓါတ်ပုံရွှေတိဂုံစေတီတော်မြတ်ကြီးဟာ ကမ္ဘာကျော်ပါ (ဓါတ်ပုံဆိုလို့
ရိုက်တဲ့ဓါတ်ပုံကို ပြောတာမဟုတ်ဘူးနော်၊ ပွင့်တော်မူပြီးတဲ့ မြတ်စွာဘုရားလေးဆူရဲ့
ဓါတ်တော်တွေ စုပြီး ဌာပနာထားတာကို ရွှေတိဂုံနဲ့ကာရံညီအောင် လေးဆူဓါတ်ပုံ
လို့ခေါ်တာပါ။) ရွှေတိဂုံစေတီတော် မြတ်ကြီးဟာ နိုင်ငံအတွင်းမှာသာမကဘဲ
မြန်မာနိုင်ငံကို လုပ်ငန်းအရဖြစ်စေ ၊ အလည်အပတ်ဖြစ်စေ ၊ လာရောက်ကြတဲ့
နိုင်ငံခြားသားတိုင်းက ပထမဆုံးဦးစားပေးသွားရောက်ရမည့်နေရာအဖြစ် သတ်မှတ်
ထားကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရွှေတိဂုံစေတီတော်မြတ်ကြီးဟာ
လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ ရှေးဟောင်းပစ္စည်းများ အဆောက်အအုံအထိမ်းအမှတ်များစတဲ့
ယဉ်ကျေးမှုအမွေအနှစ်များနဲ့ လက်ဆုပ် လက်ကိုင်မပြနိုင်တဲ့ ယုံကြည်သက်၀င်မှု၊
တန်ဖိုးထားတတ်မှုစနစ်၊ ရိုးရာဓလေ့ထုံးတမ်း၊ စိတ်နေသဘော ထား၊ ကိုယ်ကျင့်သိက္ခာ၊
အမူအကျင့်နှင့် နေထိုင်မှုဘ၀ပုံစံ စတဲ့ ယဉ်ကျေးမှုအမွေအနှစ် နှစ်ရပ်ပေါင်း
ရတနာသိုက်ကြီးတစ်ခုအဖြစ် သိမြင်ထားကြပြီးဖြစ်တဲ့အတွက် ဦးစားပေးသွားရောက်ကြတာ
ဖြစ်ပါတယ်။
ရွှေတိဂုံစေတီတော်
ရင်ပြင်ပေါ်မှာ လှည့်ပတ်သွားလာရင်း ဟိုကြည့်ဒီကြည့်လုပ်ရုံလေးနဲ့ စေတီ တော်ကြီးရဲ့
ဘာသာရေးရာ၊ သမိုင်းရေးရာ ၊ ယဉ်ကျေးမှုရေးရာ၊ အရေးပါမှုတွေကို လေ့လာခွင့်ရရှိနိုင်
မှာပါ။ ပန်းတဉ်း၊ ရွှေပန်းတိမ်/ငွေပန်းတိမ်၊ ပန်းပဲ၊ ပန်းတော့၊ ပန်းတမော့၊ ပန်းရံ၊
ပန်းချီ၊ ပန်းပွတ်၊ ပန်းပု၊ ပန်းယွန်း စတဲ့ မြန်မာ့ရိုးရာအနုပညာတို့နဲ့
လျှံပယ်ကြယ်၀တဲ့ အနုပညာဆိုင်ရာ သမိုင်းဆိုင်ရာ အထိမ်းအမှတ်
အဆောက်အအုံကြီးဖြစ်တဲ့အတွက် မြန်မာ့ရိုးရာပန်းဆယ်မျိုးပြတိုက်ကြီးလို့ သတ်မှတ်
နိုင်ပါတယ်။ ဒါ့ကြောင့်လည်း သမိုင်းပညာရှင်တွေနဲ့ သုတေသီတွေက ရွှေတိဂုံစေတီတော်ဟာ
ကြည်ညို၊ ၀တ်ပြု၊ ကိုးကွယ်ဆည်းကပ်ရာ နေရာတစ်ခုမျှသာ မဟုတ်ဘဲ
မြန်မာတိုင်းရင်းသားတို့ရဲ့ စိတ်ရင်းစိတ်ထား စရိုက်လက္ခဏာအပေါင်း
သက်ရောက်ထင်ရှားပြီး မြန်မာ့သမိုင်းနှင့် ယဉ်ကျေးမှုတို့နဲ့ပြီးပြည့်စုံနေတဲ့
အရာဖြစ်တယ်လို့ ယုံကြည်ထားကြတာ ဖြစ်ပါတယ်။ သမိုင်းကြောင်းနဲ့ အနုပညာလက်ရာ၊
တမူထူးခြားမှု မှာ ပြိုင်ဘက်ကင်းနေပါတယ်။ ရန်ကုန်မြို့အတွင်း အဘက်ဘက်မှ ဖူးတွေ့နိုင်ပြီးတော့
မိုင်(၃၀) ကျော် အကွာအတွင်းမှာ တည်ရှိတဲ့ ရန်ကုန်မြစ်အတွင်း၀င်ရောက်လာတဲ့
ပင်လယ်ကူး သင်္ဘောကြီးများမှပင် ဖူးမြင်တွေ့ရှိနိုင်တဲ့ ထူးခြားထင်ရှားတဲ့
အထိမ်းအမှတ်အဆောက်အအုံကြီးပဲ ဖြစ်ပါတယ်။
ရွှေတိဂုံဘုရားရဲ့
သမိုင်းကြောင်းကို အကြမ်းဖျင်းသိထားကြတာကတော့ ဂေါတမမြတ်စွာဘုရားက
ချီးမြှင့်ပေးသနားတော်မူတဲ့ ဆံတော်ရှစ်ဆူကို သဖုဿနဲ့ ဘလ္လိကညီနောင်တို့
ပင့်ဆောင်လာပြီးတော့ သိကြားမင်းနဲ့ မယ်တော် မယ်လမုတို့ရဲ့ သားတော်
ဥက္ကလာပမင်းကြီးက သိင်္ဂုတ္တရကုန်းတော်ပေါ်မှာ ယခင်ပွင့်တော်မူပြီးတဲ့
ဘုရားသုံးဆူရဲ့ ဓါတ်တော်များကိုပါ ဌာပနာလို့ လူတစ်ရစ်၊ နတ်တစ်ရစ်တည်ခဲ့ တယ်လို့
အဆိုရှိပါတယ်။
မူလစေတီတော်တည်ပုံကို
သမိုင်းကြောင်းအရာသိရတာက ပထမဦးစွာ သိင်္ဂုတ္တရကုန်းတော် ဗဟိုချက်မှာ ဘုရားတည်ထားရန်
သင့်မြတ်ကောင်းမွန်တဲ့ နေရာကို ရွေးချယ်ကြပါတယ်။ ကြီးမားလှတဲ့ တွင်းကြီးတစ်တွင်း လှိုဏ်ဂူကြီးတစ်လုံးတူးဖော်တယ်။
တွင်းကြီးအောက်ခြေမှာ အခြေခံအုတ်မြစ်အဖြစ် ကျောက်ပြားကြီးခြောက်ပြားခင်းလိုက်တယ်။
ရွှေ သင်္ဘောငယ်တစ်စင်း တည်ဆောက်ပြီး ရွှေ သင်္ဘောပေါ်သို့ မြပုခက်တစ်လုံးတင်တယ်။
သဖုဿနဲ့ ဘလ္လိကကုန်သည်ညီနောင်ရဲ့ ပုံကို ရွှေနဲ့သွန်းလုပ်ပြီးမြပုခက်ကို ညီနောင်က ရှေ့နောက်ထမ်းထားဟန် ပြုလုပ်တယ်။
မြပုခက်အတွင်းကို ပတ္တမြားကြုပ်တစ်လုံးထည့်သွင်း တယ်။ ဆံတော်ရှစ်ဆူကို
ပတ္တမြားကြုပ်ထဲသို့ ထည့်သွင်းပြီး တဖန် ပတ္တမြားကြုပ်ကို ရွှေကြုပ်အတွင်း
ထည့်တယ်။ ထို့နောက်ပွင့်တော်မူလေပြီးသော ကကုသန်ဘုရားရဲ့ တောင်ဝှေးတော်၊ ကောဏာဂုံဘုရား
ရဲ့ ရေစစ်တော်နဲ့ ကဿပဘုရားရဲ့ရေသနုပ်တော်တို့ကို ရွှေကြုပ်အတွင်းထည့်သွင်းတယ်။
ရွှေကြုပ်ကို ရွှေ သင်္ဘောပေါ်သို့တင်တယ်။ ဂေါတမမြတ်စွာဘုရားရဲ့ ဆံတော်ရှစ်ဆူနဲ့
ပွင့်တော်မူပြီးသော ဘုရားသုံးဆူ တို့ရဲ့ ပရိဘောဂများကို ဌာပနာတိုက်သို့သွင်းတယ်။
ယင်းနောက် တွင်း၀ကြီးကို ပတ္တမြားအရောင်အသွေး ရှိတဲ့ ကျောက်ဖျာကြီးများနဲ့
ပိတ်ဆို့လိုက်တယ်လို့ဆိုပါတယ်။
အဲဒီနောက် ပိတ်ဆို့ထားတဲ့
ကျောက်ဖျာ ကြီးအပေါ်မှာ ရွှေစေတီတစ်ဆူတည်တယ်။ ရွှေစေတီ ပေါ်မှာ သတ္တုမျိုးစုံ
စေတီငယ်ခုနစ်ဆူ အဆင့်ဆင့်ငုံပြီးတည်တယ်။ နောက်ဆုံးမှာ မူလတိကုမ္ဘစေတီ (ဉာဏ်တော် ၂၇
ပေ) ကို တည်တယ်။ မူလစေတီကို ဉာဏ်တော် ၂၇ပေ မှ ၆၆ ပေ အထိ အဆင့်ဆင့် မြှင့်လာခဲ့ပြီး
လက်ရှိပုံပန်းသဏ္ဍာန်နဲ့ ဉာဏ်တော် ၃၂၆ ပေရှိတဲ့
ရွှေတိဂုံစေတီတော်ကြီးဖြစ်ပေါ်လာခဲ့ တယ်လို့ သိရပါတယ်။
ရွှေတိဂုံစေတီတော်မြတ်ကြီးကို
ရှေးမင်းအဆက်ဆက်ပြုပြင်ထိန်းသိမ်းတည်ဆောက်လာခဲ့ပြီး လွတ်လပ်ရေးရပြီးခေတ်မှ ယနေ့အထိ
နိုင်ငံတော်အစိုးရအဆက်ဆက်မှလည်းဘက်စုံပြုပြင်မွမ်းမံမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဉာဏ်တော်မြှင့်ခြင်း၊ ပန်းတင်ခုံတိုးချဲ့ခြင်း၊ ရင်ပြင်တော်တိုးချဲ့ခြင်း၊
ကျောက်ပြားခင်းခြင်း၊ ရွှေထီးတော်အသစ်များတင်လှူခြင်း၊ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်း၊
စေတီရံများတည်ခြင်း၊ တန်ဆောင်းကြီးလေးခုဆောက်လုပ်လှူဒါန်းခြင်း၊
ဓမ္မစေတီမင်းခေါင်းလောင်းတော်၊ စဉ့်ကူးမင်း ခေါင်းလောင်းတော်၊ သာယာ၀တီမင်း
ခေါင်းလောင်းတော်များ သွန်းလုပ်လှူဒါန်းခြင်း၊ သာသနိက အဆောက်အအုံများကိုလည်း
တိုးချဲ့တည်ဆောက်ခဲ့ပါတယ်။
ခရစ်နှစ် – ၁၄၈၅ ခုနှစ်မှာ
ဘုရင်မကြီး ရှင်စောပုရဲ့ သားမက်တော် ဓမ္မစေတီမင်းက ရွှေတိဂုံ
စေတီတည်ထားမှုနဲ့ပတ်သက်တဲ့ အကြောင်းအရာများကို ဓမ္မစေတီကျောက်စာဆိုပြီး မွန်၊
ပါဠိ၊ မြန်မာ ဘာသာတို့နဲ့ ရေးထိုးစိုက်ထူခဲ့ပါတယ်။ အရှေ့ဘက်စောင်းတန်းအတက်
အလယ်လောက်လက််ယာဘက် မှာ ပြန်လည်စိုက်ထူပေးထားတဲ့ ဓမ္မစေတီကျောက်စာများဟာ
ရွှေတိဂုံစေတီ တည်ထားမှုသမိုင်းနဲ့ ပတ်သက်ပြီး အငြင်းပွားဖွယ် တွေ့ရတိုင်း
သမိုင်းပညာရှင်များနှင့် သုတေသီများဟာ ဒီကျောက်စာနဲ့ညှိနှိုင်း
ခဲ့ရတယ်လို့ဆိုပါတယ်။
ရွှေတိဂုံစေတီတော်ကြီးရဲ့
အောက်ဆုံးဖိနပ်တော် (အထက်ပစ္စယာ)မှ စိန်ဖူးတော်ထိပ်ဖျားအထိ တည်ဆောက်ထားတဲ့
အစိတ်အပိုင်းများကတော့ (၁)
ဖိနပ်တော်/အထက်ပစ္စယာ (အရံစေတီ ၆၈ ဆူနှင့် ပတ္တမြားမျက်ရှင်ဘုရား တည်ထားသည်။ ) (၂)
ပစ္စယာရှစ်မြှောင့် (၃) ကျည်း၀န်း (၄) ခေါင်းလောင်း ပုံ (၅) ရင်ဖွဲ့စည်း(ရင်စည်း)
(၆) ပန်းဆွဲ (၇) ဖေါင်းရစ် (၈) ကြာနု (၉) ကြာမှောက် (၁၀) ရွဲတန်း (၁၁)ကြာလန် (၁၂)
ကြာနု (၁၃) ငှက်ပျောဖူးတော် (၁၄) ကြာကလပ်တော် (၁၅) ပိန္နဲခိုင် (ပန်းလည်တိုင်/
မဏ္ဍိုင်) (၁၆) ထီးတော် ဘုံခုနှစ်ဆင့် (၁၇) ဆပ်သွားဖူး (၁၈) ဇွန်းလေးဘုံ (၁၉)
ငှက်မြတ်နား (၂၀) စိန်ဖူးတော်တို့ပါ၀င်ပါတယ်။
ကမ္ဘာ့အံ့ဖွယ်တပါးဖြစ်တဲ့
ရွှေတိဂုံစေတီတော်မြတ်ကြီးဟာ အချိုးအစားကျန တင့်တယ်သပ္ပါယ် လှပြီး ဘယ်အခါမဆို
ဖူးမြင်ရသူတိုင်းရဲ့ ဘ၀င်နှလုံးကို ရင်သပ်ရှုမောဖြစ်အောင် ဖမ်းစားနိုင်စွမ်းရှိတဲ့
ဘုန်းတန်ခိုးကြီးမြတ်လှသော ဓာတုစေတီ၊ ဓမ္မစေတီ၊ ပရိဘောဂစေတီ ၊ ဥဒိဿစေတီတော်မြတ်ကြီး
ဖြစ်တဲ့အတွက် တခါက သတင်းစာတစ်စောင်မှာ ဖတ်လိုက်ရတဲ့ ရွှေတိဂုံနဲ့ပတ်သက်ရင်
နောက်ကျော ဖုံးသတင်းမဖြစ်သင့်ကြောင်းဆောင်းပါးရေးသားထားတဲ့အတိုင်း ဘယ်အရာနဲ့ပဲ
ယှဉ်ယှဉ် ဗုဒ္ဓဘာသာ၀င် တွေအတွက် အမွန်အမြတ်ထားရတဲ့
စေတီတော်ကြီးတစ်ဆူဖြစ်ပါတယ်ဆိုတာ မည်သူမျှ မငြင်းနိုင်ပါ ကြောင်း နှင့်
အိုင်စီတီပရိသတ်အတွက် အနည်းအကျဉ်းမျှ ဗဟုသုတဖြစ်ဖွယ် တင်ပြပေးလိုက်ရပါတယ်။
(ကိုးကား – မောင်ကြည်သန့် ၏
သိထားသင့်သမျှ အကြောင်းအရာစုံ နှစ် ၂၆၀၀ ပြည့် မြတ်ရွှေတိဂုံ)
(မြန်မာ – အင်္ဂလိပ်)
နှစ်ဘာသာ
0 comments:
Post a Comment