Thursday, December 5, 2013

(၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲ၏ ပထမဆုံး ရွှေတံဆိပ် ဆုနှစ်ခု မြန်မာခြင်းလုံး အဖွဲ့ရရှိ

မြန်မာနိုင်ငံက နှစ်ပေါင်း ၄၄ နှစ် အကြာမှ ပြန်လည် ကျင်းပခွင့်ရသည့် (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲ၏ ပထမဆုံး ရွှေတံဆိပ်ဆု နှစ်ခုကို ရိုးရာခြင်းလုံး ပြိုင်ပွဲဝင် အိမ်ရှင်မြန်မာ ခြင်းလုံးအဖွဲ့က ပွဲဦးထွက် ဆွတ်ခူး သွားသည်။ ဒီဇင်ဘာ ၄ ရက်နေ့က စတင်ကျင်း ပသည့် ရိုးရာခြင်းလုံး ပြိုင်ပွဲတွင် အိမ်ရှင်မြန်မာ အမျိုးသမီး အသင်းက ပထမဆုံး ရွှေတံဆိပ်ကို စတင်ဆွတ်ခူးနိုင်ခဲ့ပြီး ဆက်လက်၍ မြန်မာအမျိုးသား အသင်းကလည်း ရွှေတံဆိပ် ဆွတ်ခူးနိုင်ခဲ့ရာ မြန်မာနိုင်ငံက ပွဲဦးထွက်နေ့တွင်ပင် ရွှေတံဆိပ် နှစ်ခုစလုံး သိမ်းကျုံး ရယူနိုင်လိုက်ခြင်း ဖြစ်သည်။

မြန်မာ အမျိုးသမီး ရိုးရာခြင်းလုံးအသင်း ရရှိခဲ့သည့် ရွှေတံဆိပ်ဆုမှာ SEA Games ပြိုင်ပွဲ သမိုင်းတစ်လျှောက် ပထမဆုံး အကြိမ် ထည့်သွင်း ကျင်းပသည့် ရိုးရာခြင်းလုံး အားကစားနည်း၏ ပထမဦးဆုံး ရွှေတံဆိပ် ဆုလည်း ဖြစ်သည်။ မြန်မာ အမျိုးသား အသင်းမှာ အခြေခံအဆင့်အတွဲ ပြိုင်ပွဲ၏ ဗိုလ်လုပွဲတွင် ထိုင်းအသင်းကို အနိုင်ရခဲ့ပြီး ရွှေတံဆိပ်ဆု ဆွတ်ခူးခဲ့ခြင်း ဖြစ်သည်။
အမျိုးသား အသင်းသည် အုပ်စုပွဲစဉ်တွင် ရမှတ် ၆၃၆ မှတ်ဖြင့် အမှတ်အများ ဆုံးရရှိခဲ့ပြီး ရမှတ် ၄၀၇ မှတ်ဖြင့် ဒုတိယရခဲ့သည့် ထိုင်းအသင်းနှင့် ဗိုလ်လုပွဲတွင် ယှဉ်ပြိုင်ရခြင်း ဖြစ်ရာ ဗိုလ်လုပွဲတွင် ရမှတ် ၄၂၀ ကျော်သာ ရခဲ့သည့် ထိုင်းအသင်းကို မြန်မာအသင်းက ရမှတ် ၆၆၀ ဖြင့် အမှတ် ၂၀၀ ကျော်ဖြတ်ကာ အနိုင်ရခဲ့ခြင်း ဖြစ်သည်။ အမျိုးသမီး အသင်းသည် အုပ်စုပွဲစဉ်တွင် ရမှတ် ၅၁၄ မှတ်ဖြင့် အမှတ်အများ ဆုံးရခဲ့ပြီး ဒုတိယနေရာမှ ရမှတ် ၃၆၃ မှတ် ရရှိခဲ့သည့် ထိုင်းအမျိုးသမီး အသင်းနှင့် ဗိုလ်လုပွဲ ကစားခဲ့ရပြီး ဗိုလ်လုပွဲတွင် ရမှတ် ၅၃၅ မှတ်ဖြင့် ထိုင်းအမျိုးသမီး အသင်းကို အနိုင်ခဲ့ခြင်း ဖြစ်သည်။
မြန်မာ့ရိုးရာ ခြင်းလုံးပြိုင်ပွဲ၏ အမျိုးသား ပြိုင်ပွဲတွင် မြန်မာ၊ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ လာအိုနှင့် ကမ္ဘောဒီးယားတို့ ယှဉ်ပြိုင်ခဲ့ကြပြီး အမျိုးသမီး ပြိုင်ပွဲတွင် မြန်မာ၊ ထိုင်း၊ မလေးရှား၊ လာအိုနှင့် ကမ္ဘောဒီးယားတို့ ယှဉ်ပြိုင်ခဲ့ကြရာ ယင်းပြိုင်ပွဲကို ဒီဇင်ဘာ ၉ ရက်နေ့ထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားရုံ (ဘီ) တွင် ဆက်လက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။


Ref=ရိုးရာလေး

0 comments:

Post a Comment