(၂၇) ကြိမ်မြောက် အမျိုးသမီး SEA Games ပြိုင်ပွဲ ကျင်းပမည့် မန္တလာသီရိ အားကစားကွင်း ဝင်ပေါက် နေရာများတွင် စိုက်ထူထားသည့် SEA Games ပြိုင်ပွဲ အမှတ်တံဆိပ်ပါ အလံတိုင်များကို ဖြုတ်ယူရန် ကြိုးပမ်း ခဲ့သော အသက် ၁၅ နှစ်မှ ၁၉ နှစ်ခန့် အတွင်းရှိ လူငယ်ငါးဦးကို မန္တလေး တိုင်းဒေသကြီး ချမ်းမြသာစည် မြို့နယ် တရားရုံးက ဒဏ်ငွေ ကျပ်နှစ်ရာစီ ပေးဆောင်စေ ခဲ့ကြောင်း စူပါစတားဘောလုံး သင်တန်းကျောင်းမှ အသင်းအုပ်ချုပ်သူ ဦးဇော်ဇော်မျိုးက ပြောကြားသည်။
အဆိုပါမြို့နယ် တရားရုံးက အဆိုပါ လူငယ်ငါးဦးကို အများပြည်သူ ဆိုင်ရာ နှောင့်ယှက်ခြင်းကို ကျူးလွန်မှု ပြစ်မှုပုဒ်မ ၂၉၀ ဖြင့် အရေးယူခဲ့ပြီး ငွေဒဏ်ကျပ်နှစ်ရာစီ ပေးဆောင်စေခဲ့ခြင်း ဖြစ်သည်ဟု ၄င်းက ပြောကြားသည်။
"ဒဏ်ငွေ ကိုလည်း တရားရုံးမှာ သွားဆောင်ပြီး ပါပြီး၊ ကလေးတွေက စီရော်နယ်ဒိုရဲ့ပုံ ပါတဲ့ အလံတိုင်ကို သဘောကျလို့ ဖြုတ်တဲ့သဘောပါ၊ တခြား ဘာရည်ရွယ်ချက်မှ မရှိပါဘူး" ဟု ဦးဇော်ဇော်မျိုးက ဆိုသည်။ ယင်းအမှုနှင့် ပတ်သက်၍ ၂၀၁၃ ခုနှစ် မန္တလေး တိုင်းဒေသကြီး လွှတ်တော် ဥပဒေအမှတ် (၃) ဖြင့် ပြဋ္ဌာန်းထားသော မန္တလေးတိုင်း စည်ပင်သာယာရေး အဖွဲ့များ၊ ဥပဒေပုဒ်မ ၇၃ (ဆ) ဖြင့် ပြဋ္ဌာန်း ထားသော သာယာလှပရေး အလို့ငှာ ပန်းအလှပင် များကို ဖျက်ဆီးခြင်း၊ ရွေ့လျားအောင် ပြုလုပ်ခြင်းများ မပြုရဟု ပြဋ္ဌာန်းထားပြီး အဆိုပါ လူငယ် ငါးဦးကို မန္တလေးတိုင်း စည်ပင်သာယာရေး အဖွဲ့များ ဥပဒေပုဒ်မ ၇၃(ဆ) ဖြင့်တရားစွဲဆို ခဲ့ခြင်းဖြစ်သည်။
အဆိုပါ လူငယ်ငါးဦးအမှုကို စည်ပင်သာယာရေး တရားရုံးသို့ တရားစွဲဆို တင်ပြခဲ့သော်လည်း စည်ပင်သာယာရေး နည်းဥပဒေ တားမြစ်ချက်နှင့် အရေးယူ ပြဋ္ဌာန်းချက် များတွင် ပါဝင်ခြင်း မရှိကြောင်း စည်ပင်သာယာ ဥပဒေဖြင့် အရေးယူ ဆောင်ရွက်မည် ဆိုပါက မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ထုတ်ပြန်ထားသည့် စည်းကမ်းတစ်ရပ်ရပ် သို့မဟုတ် အမိန့်တစ်ရပ်ရပ် ရှိရန် လိုအပ်ကြောင်း မန္တလေး စည်ပင်သာယာရေး ကော်မတီ တရားရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ချမ်းမြ သာစည်မြို့နယ် မြို့သစ် (၁) ရပ်ကွက် အနောက်ဘက်ခြမ်း သိပ္ပံလမ်းမှ မန္တလာသီရိ အားကစားကွင်း ဝင်ပေါက်မုခ်ဦးထိပ်ထိ စိုက်ထူထားသော SEA Games အမှတ်တံဆိပ် အလံတိုင်များကို လူငယ်ငါးဦးသည် နိုဝင်ဘာလ ၃၀ ရက်နေ့ ည ၁၂ နာရီခန့်က ဆွဲနုတ်နေသဖြင့် လုံခြုံရေး တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များက ခေါ်ယူစစ်ဆေးခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
The Voice
0 comments:
Post a Comment